သိထားဖို့လိုတဲ့ သွေးတွင်းက အဆီဓာတ်အကြောင်း
ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်းအဆီတွေကို ခန္ဓာကိုယ်မှာကျန်းမာတဲ့ဆဲလ်တွေ တည်ဆောက်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် သွေးကြောထဲမှာ ကိုလက်စထရောတွေ လိုတာထက်ပိုများလာပြီဆိုရင်တော့ သွေးစီးဆင်းမှုနှေးလာတာ၊ သွေးကြောနံရံမှာကပ်နေတဲ့ အဆီတွေက ရုတ်တရက်ပြုတ်ထွက်ပြီး နှလုံးအမောဖောက်တာ၊ လေဖြတ်တာတွေ ဖြစ်စေပါတယ်။
သာမန်အားဖြင့် ခန္ဓာကိုယ်ဝတဲ့သူတွေဟာ အဆီတွေမြင်နေရတာများလို့ သွေးတွင်းအဆီလည်း သေချာပေါက်များမှာပဲလို့ ပြောနိုင်ပေမယ့် ပိန်ပိန်သွယ်သွယ် slim လေးတွေမှာလည်း သွေးတွင်းအဆီ များနိုင်ပါသေးတယ်။
ပိန်ပိန်ဝဝ သွေးတွင်းအဆီများရင်တော့ နှလုံးရောဂါဖြစ်ဖို့ များပါလိမ့်မယ်။
သွေးတွင်းအဆီများတာက နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေလိုပဲ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘမျိုးရိုးထဲမှာလည်း သွေးတွင်းအဆီများတာနဲ့ နှလုံးသွေးကြောကျဥ်းရောဂါလိုမျိုးရှိမယ်၊ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်စားသောက်မှုပုံစံလည်း မရှိဘူးဆိုရင် သေချာပေါက် မိမိမှာလည်း ရှိလာပါလိမ့်မယ်။
သွေးတွင်းအဆီတွေကို သွေးတွေက သယ်ဆောင်ပေးပြီး ပရိုတင်းနဲ့ ပူပေါင်းတာကို lipoprotein လို့ ခေါ်ပါတယ်။ သယ်ဆောင်တဲ့ lipoprotein ပေါ်မူတည်ပြီး သွေးတွင်းအဆီ အမျိုးအစားတွေ ကွဲသွားပါတယ်။
LDL လို့ခေါ်တဲ့ low density lipoprotein ဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီဖြစ်ပြီး သွေးကြောတွေကို မာပြီးကျဥ်းအောင် လုပ်ဆောင်တဲ့အရာပါ။
HDL လို့ခေါ်တဲ့ high density lipoprotein ကတော့ ကောင်းတဲ့အဆီဖြစ်ပြီး သွေးကြောထဲက ပိုနေတဲ့အဆီတွေကို အသည်းကို ပြန်ပို့ပေးတဲ့လုပ်ငန်းကို လုပ်ဆောင်ပါတယ်။
Triglyceride လို့ခေါ်တဲ့ နောက်ထပ်သွေးတွင်းအဆီကတော့ သွေးထဲမှာ များလာလေလေ နှလုံးရောဂါရနိုင်ချေ များလေပဲ ဖြစ်ပါတယ်။
သွေးတွင်းအဆီစစ်တဲ့အခါ အထက်ပါ သုံးမျိုးကို စစ်ရတာပါ။ သွေးတွင်းမဆီများတဲ့ ရောဂါလက္ခဏာရယ်လို့ သီးသန့်မရှိဘဲ သွေးစစ်ဆေးမှသာ မိမိရဲ့ သွေးတွင်းအဆီ အခြေအနေကို သိနိုင်မှာပါ။ အမျိုးသားတွေမှာ အသက် ၄၅ နှစ်နဲ့ ၆၅ နှစ်ကြား၊ အမျိုးသမီးတွေမှာ ၅၅နှစ်နဲ့ ၆၅ နှစ်ကြားဆိုရင် အနည်းဆုံး ၂ နှစ်တစ်ခါ သွေးတွင်းအဆီ စစ်သင့်ပြီး အသက် ၆၅ နှစ်ကျော်ရင်တော့ နှစ်စဥ် စစ်သင့်ပါတယ်။ မိဘမျိုးရိုးမှာ နှလုံး၊ သွေးတိုး၊ ဆီးချိုရှိတာ သို့မဟုတ် မိမိကိုယ်တိုင်မှာ ရှိတာ၊ အဝလွန်နေတာမျိုးဆိုရင်တော့ ငယ်စဥ်တည်းက စစ်ဆေးသင့်ပါတယ်။
- နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေ
- သွေးတိုးဆီးချိုရှ်သူတွေ
- HIV/ AIDS ရှိသူတွေ
- သွေးလေးဖက်နာရှိသူတွေ
- သိုင်းရွိုက်ဟော်မုန်းချို့တဲ့သူတွေ
- ကင်ဆာရောဂါကုသမှုခံယူသူတွေနဲ့
- ကိုယ်အင်္ဂါအစားထိုးကုသမှုခံယူထားသူတွေမှာ သွေးတွင်းအဆီများလေ့ရှိပါတယ်။
- ဆီကြော်တွေ၊ အဆီအစိမ့်တွေ၊ တိရိစ္ဆာန်အဆီတွေအစားများရင်
- ကိယ်လက်လှုပ်ရှားမှုနည်းရင်
- အဝလွန်ရင်
- အရက်နဲ့ ဆေးလိပ်သောက်ရင်
- အသက် ၄၀ ကျော်လာရင် သွေးတွင်းအဆီတက်နိုင်ခြေ ပိုများပါတယ်။
(၁) သွေးတွင်းအဆီကို လျှော့ချချင်ရင် တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
(၂) ဝနေရင် ဝိတ်ချပါ။
(၃) ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အစေ့အဆန်တွေ များများစားပါ။
(၄) ဆီကြော်တွေ၊ ရယ်ဒီမိတ်အစားအစာတွေ ရှောင်ပါ။
(၅) ဆေးလိပ်ဖြတ်ပါ။
(၆) အရက်လျှော့သောက်ပါ။
အသက်ရှင်နေစဥ်မှာ ကျန်းမာကြံ့ခိုင်ဖို့က အရေးကြီးတဲ့ အရာပါ။သွေးတွင်းအဆီကို လျှော့ချမှသာ နာတာရှည် နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေ ကင်းဝေးနိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်